လိင်စိတ်ခံယူမှုဆိုတာ ဘာလဲ၊ သင့်ရဲ့ လိင်စိတ်ခံယူမှုကိုရော သင်လက်ခံရဲ့လား
ဒီအကြောင်း မပြောခင်မှာ မိတ်ဆွေတို့တချို့ရဲ့ အရင်ကတည်းက တန်းတန်းစွဲ လက်ခံလာတဲ့ ရှေးထုံးစံနှုန်းတွေကို အရင်ဆုံး မေ့ထားဖို့ ပြောချင်ပါတယ်။
လိင်စိတ်ခံယူမှု (Sexual Orientation) ဆိုတာ နောက်ထပ် လိင်အင်္ဂါအခြေပြု လူတစ်ယောက်အပေါ်မှာ ဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ ခံစားမှုဆိုင်ရာ၊ ချစ်ခြင်းမေတ္တာဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှုလို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ လိင်စိတ်ခံယူမှုဆိုတာ လူသားတစ်ယောက်ရဲ့ မွေးရာပါ ခံယူချက်၊ ဖြစ်တည်မှုလို့လည်း ယူဆနိုင်ပြီး လူ့ဘဝသက်တမ်းတစ်လျှောက်မှာ ဒီလိင်စိတ်ခံယူမှုအတိုင်းပဲ ရှေ့ဆက်ပြီး သွားကြပါတယ်။
လိင်စိတ်ခံယူမှုကို Trend နောက်လိုက်ပြီး ဖြစ်ပေါ်လာတာမဟုတ်တဲ့ အခြေခံ အုပ်စု (၅) မျိုးနဲ့ ပြောပြပေးရမယ်ဆိုရင် -
၁။ Heterosexual - လိင်ကွဲအပေါ် စွဲလမ်းတပ်မက်ခြင်း
၂။ Homosexual - လိင်တူချင်း စွဲလမ်းတပ်မက်ခြင်း
၃။ Bisexual - လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို စွဲလမ်းတပ်မက်ခြင်း
၄။ Pansexual - လိင်သတ်မှတ်ခြင်းမရှိဘဲ ခံစားချက်အရ စွဲလမ်းတပ်မက်ခြင်း
၅။ Asexual - တစ်ပါးသူအပေါ် လိင်စိတ်ဖြင့် စွဲလမ်းတပ်မက်မှုမရှိခြင်း ဆိုပြီး ခွဲထားပါတယ်။
သိပ္ပံပညာရှင်အများစုကတော့ ပတ်ဝန်းကျင်ကြောင့်၊ ခန္ဓာကိုယ်ထဲက ဟော်မုန်းမျှခြေတွေကြောင့်၊ စိတ်ခံစားချက်အခံကြောင့်နဲ့ မျိုးရိုးဗီဇကြောင့် ဒီလို လိင်စိတ်ခံယူမှုတွေ ဖြစ်ပေါ်လာတယ်လို့ ခံယူထားကြပါတယ်။ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး လူအများမေးလေ့ရှိတဲ့ မေးခွန်းတွေထဲမှာ
၁။ လိင်စိတ်ခံယူမှုက မှားယွင်းသလား?
မမှားယွင်းပါဘူး။ လူတိုင်းဟာ မွေးလာကတည်းက ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ မွေးဖွားလာကြတာဖြစ်ပြီး အသားအရောင်၊ လူမျိုး၊ ကိုယ်ခန္ဓာအချိုးအစား၊ သွေးအမျိုးအစား၊ ယုံကြည်ကိုးကွယ်ရာ၊ လိင်စိတ်တပ်မက်ရာ ဒါတွေအားလုံးဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် Unique Traits တွေပါပဲ။ ပတ်ဝန်းကျင်ဆိုတာ လူအများစု ယုံကြည်ရာကို လိုက်ပါယုံကြည်ကြသလို ရှေးယခင်ကတည်းက လူတွေကိုယ်တိုင်ပဲ သတ်မှတ်ခဲ့တဲ့ စံနှုန်းကိုပဲ မစွန့်လွှတ်ဘဲ ယုံကြည်ကြတာဖြစ်လို့ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို လက်မခံနိုင်တဲ့အခါ သူတို့ကိုလည်း အပြစ်တင်လို့တော့ မရပါဘူး။
၂။ လိင်စိတ်ခံယူမှုကို ဘယ်အချိန်မှာ စသိလဲ?
ဆယ်ကျော်သက်အရွယ်၊ လူငယ်ပိုင်းကာလမှာ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို စတင်သတိထားမိလာတတ်ပါတယ်။ ဥပမာ ကိုယ်က လိင်တူကြိုက်နှစ်သက်တဲ့သူဆိုရင် အတန်းထဲက လိင်တူတစ်ယောက်ကို သတိမထားမိဘဲ ငေးမောကြည့်နေတတ်တာ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့အခါ လိင်ကွဲထက် လိင်တူကိုပဲ ပိုအာရုံစိုက်မိတာမျိုးပေါ့။ တချို့ Heterosexual တွေကတော့ စူးစမ်းလိုစိတ်နဲ့ လိင်တူဆက်ဆံခြင်း၊ လိင်တူလိင်ကွဲ ဆက်ဆံခြင်းနှစ်မျိုးလုံးအပေါ် စိတ်ကူးယဉ်တတ်ကြတာမျိုးတော့ ရှိတယ်လို့ စစ်တမ်းများအရ တွေ့ရပါတယ်။
၃။ လိင်စိတ်ခံယူမှုကို ပြောင်းလဲနိုင်လား?
မွေးရာပါ ကိုယ့်ရဲ့ဖြစ်တည်မှု ဖြစ်တဲ့အတွက် ပြောင်းလဲလို့လည်း မရသလို သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေနဲ့ အတင်းလုပ်ယူပြီး ပြောင်းလဲတဲ့အခါမှာလည်း ကိုယ့်ရဲ့ ဖြစ်တည်မှုအပြင် ရှေ့ဆက်လျှောက်ရမယ့် ဘဝအနာဂတ်မှာပါ အများကြီး တိမ်းစောင်းပျက်ယွင်းသွားနိုင်ပါတယ်။ ဒီတော့ အရှိကို အရှိအတိုင်းပဲ လက်ခံပါ။
ဒီနေရာမှာ အဓိက အရေးကြီးဆုံးကတော့ သင်ကိုယ်တိုင်ပါပဲ။ သင်ကိုယ်တိုင်က ကိုယ့်ရဲ့ဖြစ်တည်မှုအားလုံးကို အရှိအတိုင်း လက်ခံနိုင်တယ်၊ ဒီအတိုင်းပဲ လက်လျောညီထွေ ဖြစ်အောင် နေနိုင်ဖို့ အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ဟာ ဒီလိုပြဿနာမှမဟုတ်ဘဲ ပြဿနာပေါင်းစုံမှာ ဝေဖန်တတ်ကြတာကြောင့် ကိုယ်တိုင်ကမှ ယုံကြည်ချက် မခိုင်မာရင် အနောက်က ကပ်ပါလာမယ့် သိမ်ငယ်စိတ်၊ ကဲ့ရဲ့ရှုံ့ချသံ၊ ဖယ်ကျဉ်မှုတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။
မိဘတွေအနေနဲ့လည်း တတ်နိုင်ရင် အမြင်ကျယ်ကျယ်နဲ့ ကိုယ်ချစ်ရတဲ့သားသမီးတွေကို အရှိအတိုင်း နွေးထွေးစွာ လက်ခံပေးဖို့ အကြံပေးချင်ပါတယ်။ Heterosexual အုပ်စုကလွဲရင် တခြားလိင်စိတ်ခံယူမှုအုပ်စုဝင်တွေဟာ လူနည်းစုဖြစ်သလို သူတို့မှာ နေ့စဉ်နဲ့အမျှ ပတ်ဝန်းကျင်၊ လူမှုရေး၊ လုပ်ငန်းခွင်ကနေ စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့အတွက် ကိုယ့်ဘက်က နွေးထွေးမှု၊ ကြင်နာမှုပေးနိုင်ရင်တော့ သူတို့အတွက် စိတ်လုံခြုံမှု ဖြစ်စေမှာပါ။
ရဲမျိုးမြတ်